Dota 2 Ti Battlepass ဟာ လူတိုင်းအတွက် မဟုတ်ပါဘူး

 


Dota 2 Ti Battlepass ဟာ လူတိုင်းအတွက် မဟုတ်ပါဘူး။ ဒီလိုပြောလို့ ရိုင်းတယ်လို့တော့ မထင်ပါနဲ့။ လူတယောက်နဲ့ တယောက်က ဝင်ငွေခြင်း မတူဘူးဗျ။ BP Exclusive Items တွေ ရဖို့ $300 လောက်ကတော့ အသာလေး အိတ်ထဲက ထွက်သွားမှာဗျ။ တတ်နိုင်တဲ့သူ ရှိသလို မတတ်နိုင်တဲ့သူလဲ ရှိတယ်ဗျ။

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က D2 Items တွေ မဝယ်နိုင်လို့ စိတ်ညစ်ခဲ့ဖူးပါတယ်ဗျ။ ငါ ဘာမှားနေသလဲဆိုတာ ထိုင်စဉ်းစားတာနဲ့ မိုးလင်းသွားရော၊ မနက်ကျတော့ အိပ်ရေးပျက်ပြီး လူက ငေါင်တောင်တောင်နဲ့ ဖြစ်နေတဲ့အချိန် အဖေက ဆူပါလေရော။ "မင်းသုံးချင်ရင် ရှာလေ၊ မရှိရင် မသုံးနဲ့"
ဒီစကားက ကျနော့်ဘဝကို အပြောင်းအလဲ ဖြစ်စေတယ်ဗျ၊ ငါသုံးဖို့ ဘယ်လောက်လိုတာလဲ၊ ဒီလောက်ရဖို့ ငါ့မှာ ဘာတွေပြင်ဆင်ထားပြီးပြီလဲ၊ ရှာနိုင်လား။
ဒီနေရာမှာ Financial Education က အရေးကြီးလာပြီဗျ။ ကျနော်တို့ Finance နဲ့ ပတ်သက်ရင် ဘာမှမသိဘူး။ ကိုယ့်ဝင်ငွေ တလ ဘယ်လောက်ရှိသလဲ၊ တလ ဘယ်လောက်သုံးလိုက်သလဲ၊ ဘာတွေသုံးလိုက်သလဲ။ ဒီဝင်ငွေနဲ့ နောက် (၆) လ ဘာဖြစ်မှာလဲ၊ နောက်တနှစ် ဘာဖြစ်မှာလဲ၊ ဘာဝယ်နိုင်မှာလဲ၊ ဘာဆိုဘာမှ မသိဘူး။
ဒီနေ့ မဝယ်နိုင်လို့ ဘာမှမဖြစ်ပါဘူး။ စိတ်မကောင်းလဲ မဖြစ်နဲ့၊ ငါ နောက် ၅ နှစ်ကျရင် BP ကို ပက်ကနဲ ဝယ်နိုင်တဲ့သူ ဖြစ်ရမယ်ဆိုပြီး ကြိုးစားပါ။
အလုပ်လုပ်တဲ့အခါ ရိုးသားပါ၊ သစ္စာရှိပါ။ ဖြတ်လမ်းတွေ မလိုက်နဲ့ဗျ။ Next Levels တက်ချင်ရင် ကျနော်တို့မှာ အရည်အချင်း Next Levels ရှိဖို့လိုတယ်ဗျ၊ စာဖတ်ပါ၊ လေ့လာပါ၊ ဆွေးနွေးပွဲတွေကို နားထောင်ပါ၊ Free သင်ပေးတဲ့ သင်တန်းတွေ ရှိတယ်ဗျ၊ Internet မှာ ရှာပြီးသာတက်ဗျာ၊ ဘယ်တော့မှ တဖက်ပိတ်အမြင်မျိုး မထားနဲ့ဗျ။ အားပဲကျ၊ မနာလိုတော့ မဖြစ်နဲ့။
လူတိုင်းမှာ သိပ်တော်တဲ့ တနေရာတော့ ရှိတယ်ဗျ။ တခြားနေရာမှာသာ ငဒူဖြစ်ချင်ဖြစ်မယ်၊ ကိုယ်ကျွမ်းကျင်တဲ့နေရာမှာတော့ ဘယ်သူမှ လိုက်မမှီတာမျိုး ရှိတယ်ဗျ။ ဆိုတော့ ဘယ်သူ့ကိုမှ အထင်မသေးပါနဲ့။
ကိုယ့်ဘဝကို ဘယ်အရာက Carry လုပ်သွားမှာလဲ၊ အောင်မြင်ဖို့ ဘယ်လို Support အရည်အချင်းတွေ လိုအပ်သလဲ။ လူတိုင်းက မတူဘူးဗျ။ ကိုယ့်ဟာကိုယ် အသိဆုံးပဲ၊ သေချာသုံးသပ်ပြီး တဆင့်ခြင်း ကြိုးစားပါ။
ကျနော် ပြောတာယုံပါ၊ ရောမမြို့ကြီးက တရက်ထဲနဲ့ တည်ခဲ့တာ မဟုတ်ဘူးဗျ။ နောက် (၅) နှစ်ကြာတဲ့အခါ ကျနော့်ကို လာပြောလှည့်၊ BP Levels 2000 ဆိုတာ လက်ဖက်ရည်ဖိုးလောက်ပဲ ရှိတာဗျဆိုတဲ့ အနေအထားမျိုး ဖြစ်လာခဲ့ရင် Bravo! ပဲဗျို့၊ ဖြစ်ကိုဖြစ်တယ်ဗျာ။ ခင်ဗျားတို့က ကျနော့်ထက် သာတဲ့ အရည်အချင်းတွေ အများကြီးရှိတယ်ဗျ၊ ကျနော်လို ငဒူကောင်တောင် ဖြစ်မြောက်သေးတာပဲ၊ ခင်ဗျားတို့က ဘာလို့ မဖြစ်ရမှာလဲ။ ဖြစ်ကိုဖြစ်တယ်ဗျာ။ ဖိုက်တင်း
Dodozz

Comments