မေတ္တာငတ် ဓါးသမား - ရေးသူ Dozoelay


အခန်း (၁) - မျက်နှာဖုံးကျွန်းရဲ့ ဓါးဘုရင်

မျက်နှာဖုံးကျွန်း

ပင်လယ်ထဲက ကျွန်း။ ဒီကျွန်းပေါ်မှာ လူမျိုးစု တစုနေထိုင်၏။ သူတို့ဓလေ့ကား ထူးဆန်း၏။ ကလေးမွေးပြီး တနှစ်အရွယ်လောက်ကတည်းက မျက်နှာဖုံး ဝတ်ကြရ၏။ လူကြီးလူငယ် မရွေး မျက်နှာဖုံး ဝတ်ကြရ၏။ ဒါက ဓလေ့။ မျက်နှာဖုံး မဝတ်ပဲ နေလျှင် အသတ်ခံရမည်။ မချွတ်ရ၊ ချွတ်လျှင် ဒီကျွန်း၏ အကြီးဆုံး ရာဇဝတ်မှုတည်း။ အဘယ်ကြောင့်ဆိုသော် လျှို့ဝှက်သော ကျွန်း၊ ပြင်ပကမ္ဘာမှ လူတွေ ရှာမတွေ့နိုင်အောင် ပင်လယ်ကြီး၏ တောင်ဘက်စူးစူး အရပ်တွင် ရှိ၏။ ဒီကျွန်းကို ရောက်ဖို့ မလွယ်ပေ။ လနဲ့ချီ ရွက်လွှင့်မှ ရောက်၏။ သို့သော် မဖြစ်နိုင်ပေ။ ငါးမန်း၊ မိကျောင်း၊ ရေဘဝဲကြီးများ စသော ပင်လယ်သတ္တဝါဆိုးကြီးတွေ ရှိ၏။ ထိုသတ္တဝါတွေကို ကျော်ဖြတ်နိုင်ခဲ့ရင်တောင် ဒီကျွန်းကို ရှာတွေ့မည် မထင်။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားက ဖွက်ထားသောကြောင့်တည်း။ ကျွန်းကား နတ်ဘုရားတို့၏ တားမြစ်နယ်မြေဖြစ်၏။ လျှို့ဝှက်လွန်းသည်။ အပြင်ကမ္ဘာက လူတွေ အသေအလဲ လိုက်ရှာကြသော်လည်း ရှာမတွေ့ပေ။



ဒီကျွန်းပေါ်မှာ ထူးဆန်းသော ဓလေ့တခုလဲ ရှိသေး၏။ ကျွန်းပေါ်က လူတွေအကုန်လုံး ဓါးသိုင်း တတ်ကြ၏။ ကလေးအရွယ်ကတည်းက အခြေခံ ဓါးသိုင်းသင်ပေး၏။ သင်ပေးသည့်သူတွေက မျက်နှာဖုံးကျောင်းက နတ်ဆရာတွေပေါ့။ နတ်ဆရာတွေကား ဓါးဘုရင်များတည်း။ နတ်ဆရာတွေကား နတ်ဘုရားနှင့် စိတ်ချင်းဆက်သွယ်နိုင်၏။ နတ်ဘုရားက ညွှန်ကြားသည့်အတိုင်း နတ်ဆရာတွေက တဝေမသိမ်း လိုက်နာပြီး ဒီကျွန်းကို အုပ်ချုပ်နေကြ၏။

တိမ်တွေကင်းတဲ့ တနေ့တွင် မျက်နှာဖုံးနတ်ဘုရားမှ အမိန့်ပေးလာ၏။ ဓါးပြိုင်ပွဲ လုပ်ရန်တည်း။ လူငယ်များထဲမှ ဓါးဘုရင်တဦး ရွေးချယ်မည် ဖြစ်၏။ ဓါးပြိုင်ပွဲဝင်ဖို့ လူငယ်များ စိတ်အားထက်သန်ကြ၏။ ဓါးဘုရင်ဖြစ်လျှင် နတ်ဘုရားမှ အလွန်အစွမ်းထက်သော ဓါးတလက်အပြင် အဆင့်မြင့်ဆုံးဓါးသိုင်းနှင့် အစွမ်းထက်ဆေးဝါးများကို သင်ကြားခွင့်ပေးမည်ဖြစ်၏။ ထိုလူငယ်များကြားထဲတွင် ယူနဲရိုးတယောက် ဓါးဘုရင် သိပ်ဖြစ်ချင်၏။ သူ့တွင် အဖေ မရှိတော့ပေ၊ သေပြီ။ သူ့အဖေကား ဓါးဘုရင်တဦးတည်း။ သူ့အဖေကား အသတ်ခံရသည်။ ဘယ်သူ သတ်မှန်းမသိ။ သူ့အမေကား နေမကောင်းပေ။ တောထဲက ဆေးဥဆေးမြစ်တွေ ရှာပြီး သူ့အမေကို တိုက်ပေမယ့် မပျောက်၊ ရောဂါကား ပိုဆိုးလာ၏။ သူ့မှာ ရွေးစရာ မရှိတော့ဘူး။ မျှော်လင့်ချက် ကောက်ရိုးတမျှင်ပဲ ကျန်၏။ အဲဒါကား ဓါးပြိုင်ပွဲတွင် ဓါးဘုရင် ဖြစ်အောင် ပြိုင်ဖို့ပါပဲ။ ဒါမှ နတ်ဘုရားဆီက အစွမ်းထက် ဆေးကုနည်းတွေ သင်ယူခွင့်ရမည်။ သူ့အမေ အသက်ရှင်မည်။

နတ်ဆရာကြီး၏ နတ်နန်း။

မျက်နှာဖုံးကျွန်းရဲ့ တောင်ထိပ်တခု၊ နတ်ဆရာကြီး၏ နတ်နန်းကိုရောက်ဖို့ လှေခါးထစ်ပေါင်း ၂၀၀၀ ကျော် တက်ရ၏။ တော်ရုံလူ မတက်နိုင်ပေ။ ယူနဲရိုး တက်လာခဲ့သည်။ မြူတွေကို ဖြတ်ပြီး တထစ်ချင်း တက်လာ၏။ နတ်ဆရာကြီး၏ နတ်နန်းရှေ့ကို ရောက်ပြီ။ နတ်နန်းတံခါးကြီးက အလွန်ကြီး၏။ မနည်း မော့ကြည့်ရ၏။ တံခါးကြီးက ပိတ်ထားဆဲ။

ယူနဲရိုးတယောက် နတ်ဆရာကြီးကို တွေ့ဖို့ စောင့်နေ၏။ မနက်မိုးလင်းကတည်းက စောင့်နေသော်လည်း နတ်နန်းတံခါးက မဖွင့်သေးချေ။ ယူနဲရိုး တံခါးကို သွားမဖွင့်ရဲပေ၊ နတ်ဆရာကြီး စိတ်ဆိုးလိမ့်မည်။ နတ်ဆရာကြီး သိုင်းသင်ပေးဖို့ သူ တောင်းဆိုရမည်။ သူ စောင့်နေဆဲ၊ မိုးတွေ ရွာလာ၏။ လေတွေလဲ တိုက်လာ၏။ ယူနဲရိုး စိတ်မပျက်ပါ။ တောင်ထိပ်တွင် အရမ်းအေးသော်လည်း ယူနဲရိုး ဇွဲမလျှော့ပေ။  မိုးချုပ်တော့မည်။ နတ်ဆရာကြီးကား ထွက်မလာပေ။

ယူနဲရိုး စိတ်ပျက်သွား၏။ ရာသီဥတုက တအားအေးသဖြင့် စောင့်နေဆဲ မှေးခနဲ အိပ်ပျော်သွား၏။ အိမ်မက်ထဲတွင် သူ့အဖေနဲ့ တွေ့သည်။ သူ့အဖေက ဆူသည်။ အိမ်ကိုပြန်တဲ့။ ယူနဲရိုးက မပြန်နိုင်ဘူး။ သူ့ကို ဓါးသိုင်းသင်ပေးဖို့ နတ်ဆရာကြီးကို စောင့်နေကြောင်း၊ အမေ နေမကောင်းကြောင်း ရှင်းပြ၏။ သူ့အဖေက ဒေါသတကြီးဖြင့် ပြန်ခိုင်းသည်။ ကျွန်းရဲ့ အရှေ့အရပ်မှာ ရှိတဲ့ သစ်နက်တောကို သွားခိုင်းသည်။ အဲဒီမှာ သူ့ဓါး ရှိသည်။ သူ့ဓါးသိုင်း ရှိသည်။ အိမ်မက်ထဲကနေ ယူနဲရိုးကို ညွှန်ပြပေး၏။

ယူနဲရိုး အဖေ့ကို ယုံသည်။ အဖေ မရှိတော့ပေမယ့် အဝေးအရပ်ကနေ အဖေက သူ့ကို စောင့်ရှောက်နေဆဲ။ နတ်ဆရာကြီးကို မစောင့်တော့ပေ။ လှေခါးထစ်ပေါင်း ၂၀၀၀ ကျော်ကို ခုန်ပျံပြေးဆင်းလာပြီး အဖေ ညွှန်ပြတဲ့ အရပ်ကို သူပြေး၏။

သစ်နက်တော

သစ်ပင်တွေက မဲနက်နေ၏။ ဘာကြောင့်ဖြစ်မှန်း ဘယ်သူမှ မသိပေ။ တော်ရုံကျွန်းသားတွေ ဒီတောဘက်ကို မလာဝ့ံကြ။ ကျားသစ်တွေ ရှိ၏။ တောကောင်တွေ ရှိ၏။ အင်မတန် အန္တရာယ်များ၏။ နောက်ပြီး ဒါက ကျွန်းရဲ့ ကန့်သတ်နယ်မြေ၊ နတ်ဆရာကြီး၏ ခွင့်ပြုချက်မရပဲ မဝင်ရ။

ယူနဲရိုး မကြောက်ပေ။ ဘာကိုမှ မမှုပေ။ မီးဒုတ်လဲ ထွန်းမရ၊ တော်သေးသည် မိုးတိတ်သွားပြီ၊ ခပ်မှိန်မှိန် လရောင်အောက်တွင် ဖြေးဖြေးချင်း သစ်နက်တောထဲကို ဝင်လာခဲ့၏။

သစ်နက်တော၏ အလယ်တွင် နှစ်ပင်ယှက်နေသော အပင်ကြီး တခု ရှိ၏။ ဖိုမ ပင်ဟု ခေါ်သည်။ အပင်ကြီး နှစ်ပင်ကား တပင်ရဲ့ ပင်စည်ကို တပင်က ဖောက်ပြီး လိမ်ယှက်နေသည်။ ယူနဲရိုးလို ကလေး အယောက် ၂၀ လောက် ဝိုင်းဖက်မှ ရလောက်အောင် ပင်စည်ကြီးက အလွန်ကြီးသည်။ ထိုအပင်ကြီး၏ အပေါ်တွင် အဖေ ထားခဲ့သော ဓါးနဲ့ ဓါးသိုင်း ရှိ၏။

ယူနဲရိုး သူ့အဖေ ထားခဲ့သော ဓါးနဲ့ ဓါးသိုင်းကို တွေ့၏။ သွေးပေနေသော အဝတ်စတခုဖြင့် သေချာထုတ်ထားသော ဓါးနဲ့ ဓါးသိုင်း၊ သူ့အဖေရဲ့ ဓါး။ သူ့အဖေ၏ ဓါးကား နယ်နယ်ရရ မဟုတ်ပေ။  ဓါးက ရုတ်တရက် ကြည့်လျှင် ခပ်တုံးတုံး သံချေးတက်နေသော ဓါးတလက်ဟုသာ ထင်ရ၏။ ဓါးသွားအကျယ်ကား လက်နှစ်လုံးခန့်သာ ရှိ၏။ ပေါ့ပေမယ့် မယမ်းဘူး။ ဓါးက မာ၏။ သံသေဓါး၊ အတော်ဆုံး ပန်းပဲဆရာကြီးက သံကို သေအောင် အခိုးသတ်ပြီး အလွန်မာအောင် အထပ်ထပ် ပန်းပဲတူဖြင့် ထုထားသော ဓါး၊ အလွန်ထက်၏။ သံသံချင်းခုတ်လျှင် သံဖြတ်နိုင်၏။ ကျောက်တုံးကို ခုတ်လျှင် ကျောက်တုံးပြတ်၏။

 သားရေပြားတခုပေါ်မှာ ရေးထားသော ဓါးသိုင်း။ ယူနဲရိုး အရမ်းပျော်သွား၏။

“ကျေးဇူးတင်ပါတယ် အဖေ”

သားရေပြားပေါ်တွင် ဓါးသိုင်း ၁၆ ကွက် ရေးထား၏။ ယူနဲရိုး သိုင်းအခြေခံရှိသဖြင့် နည်းနည်းနားလည်၏။ သူ့အဖေ၏ ဓါးသိုင်းကား အလွန်ရှင်း၏။ သို့သော် အလွန်ကြောက်မက်ဖွယ်ကောင်း၏။ ဒီဓါးနဲ့ ဒီဓါးသိုင်းဖြင့် အဖေ ဓါးဘုရင်ဖြစ်ခဲ့သည်။ အဖေ့ကို သူ ယုံသည်။

ဓါးသိုင်း၏ အဆုံးတွင် ဆုံးမစာ ရေးထား၏။ သူ့အဖေ လက်ရေးဖြင့် ရေးထားသော ဆုံးမစာ

၁. “မတရား မလုပ်နဲ့”
၂. “ရှေ့က ခုတ်တဲ့ဓါးချက်ထက် နောက်ကျောက ထိုးတဲ့ ဓါးကို သတိထားပါ၊ သေတတ်သည်”
၃. မြန်ရင် နှေးပါ၊ နှေးရင် မြန်ပါ၊ အားနည်းချက်ကို ရှာ၊ အဓိက သေအောင် သတ်
၄. လောကမှာ အတော်ဆုံးဆိုတာ မရှိဘူး
၅. ဘယ်သူ့ကိုမှ မယုံပါနဲ့

ယူနဲရိုး သိုင်းကျင့်၏။ မိုးလင်း မိုးချုပ် သိုင်းကျင့်၏။ သိပ်မဝေးတဲ့ နေရာတွင် စမ်းချောင်းလေး ရှိလို့ တော်သေးသည်။ စမ်းချောင်းလေးထဲက ရေတွေက သိပ်တော့ မကြည်လင်ပေ၊ အနီရောင် သမ်းနေ၏။ ကိစ္စမရှိ။ ယူနဲရိုး ရေငတ်လျှင် သွားသောက်၏။ ဗိုက်ဆာတဲ့အချိန် ဖိုမပင်ကြီးပေါ်က သစ်သီးတွေကို စား၊ စမ်းရေကို သောက်၊ ဖိုမပင်ကြီးက သစ်သီးများသည် အတွင်းအားကို တိုးပွားစေ၏။ ဒါ့အပြင် စမ်းချောင်းလေးထဲမှ စမ်းရေများသည် ကျောက်သွေးတုံးကြီးဖြတ်ပြီး စီးလာသဖြင့် အမောအပန်းပြေစေ၏။ တော်ရုံအအေးဓါတ်ကို မမှုပေ။ ဒါကို ယူနဲရိုး မသိ၊ စားကောင်းကောင်းဖြင့် အများကြီး စားပစ်၏။ ယူနဲရိုး ဓါးသိုင်းက မယုံကြည်နိုင်လောက်အောင် တိုးတက်လာ၏။

တည၊ ယူနဲရိုး သိုင်းကျင့်တဲ့ ဖိုမပင်ကြီးနားသို့ ကျားသစ်နက် တကောင် ရောက်လာ၏။ လေထဲကနေ သားကောင်နံ့ရလို့ထင်သည်။ ကျားသစ်နက်ကား သားကောင်တွေ့လို့ ဖြေးဖြေးချင်း တလှမ်းချင်းတိုးလာလေသည်။ ဘယ်သူက ဘယ်သူ့ကို သတ်မှာလဲ။ မုဆိုးလား၊ သားကောင်လား။

ယူနဲရိုး သိ၏။ အတွင်းအား တိုးပွားလာသဖြင့် ကျားသစ်နက်၏ ခြေသံကို သူကြား၏။ သူ မလှုပ်ပေ၊ အိပ်ချင်ယောင် ဆောင်နေ၏။ ကျားသစ်နက်ကြီး ယူနဲရိုး အနားသို့ ရောက်လာပြီး ရုတ်တရက် ခုန်အုပ်လိုက်၏။ ကျားသစ်နက် မြန်သည်ဆိုတာထက် မြန်၏။ ယူနဲရိုး ဓါး လက်ကနဲ ဖြစ်သွားပြီး ကျားသစ်နက် ဗိုက်ကို အောက်ကနေ ပင့်ထိုးလိုက်၏။

ဝေါင်းးးးးးးးးးးးးးးး

ကျားသစ်နက်ကြီး အသံနက်ကြီးဖြင့် အော်ဟစ်နေပြီ။ ယူနဲရိုးလက် အရမ်းမြန်သည်။ ဓါးကို ဇတ်ကနဲ ဆွဲထုတ်ပြီး ကျားသစ်နက်ကြီး၏ လည်မျိုကို ထပ်ထိုးထည့်လိုက်၏။ မြန်သည်၊ မျက်စိတမှိတ် လျှပ်တပြက်အတွင်း၊ ဓါးချက် ၂ ချက်ထဲနဲ့ ကျားသစ်နက်ကြီး သေပြီ။ ကျားသစ်နက်ကြီး ထဖို့ ကြိုးစားသေးသည်။ မရတော့ပေ။ ချက်ကောင်း ထိသွားသဖြင့် မလှုပ်နိုင်တော့။

မုဆိုးကား သားကောင် ဖြစ်သွားရှာပြီပေါ့။

အခန်း (၂) - ဓါးပြိုင်ပွဲကြီး

ယူနဲရိုး တယောက် အိမ်ပြန်လိုက်၊ နေမကောင်းတဲ့ အမေကို ပြုစုလိုက်၊ သစ်နက်တောထဲ သွားပြီး သိုင်းလေ့ကျင့်လိုက်၊ ဒီလိုနဲ့ နေ့ညအချိန်တွေ ကုန်သွား၏။ ယူနဲရိုး၏ အဖေရဲ့ ဓါးသိုင်းက သိပ်ကို ရိုးစင်းသည်။ လောကတွင် အရိုးဆုံးအရာများသည် အဆန်းကျယ်ဆုံး ဖြစ်တတ်သည် မဟုတ်လား။ ယူနဲရိုး၏ ဓါးသိုင်းသည် ရိုးပေမယ့် အလွန်ဆန်းကျယ်၏။ ယူနဲရိုး အတွင်းအား လေ့ကျင့်၏။ ကျောက်သွေးပါသော စမ်းရေကိုသောက်၊ ဖိုမပင်ကြီးမှ အသီးများကိုစားသည်။ ငယ်ရွယ်သူမို့ အာရုံစူးစိုက်မှုအား အရမ်းကောင်းလေသည်။ တနေ့ ယူနဲရိုး အတွင်းအားကျင့်နေသော ဖိုမပင်ကြီးနားသို့ မြွေပေးနက် တကောင်ရောက်လာ၏။ မြွေပွေးနက်ကား အစာရှာရင်း ယူနဲရိုးနားသို့ ရောက်လာ၏။ တကိုယ်လုံးမဲနက်နေသော မြွေပွေးနက်ကား အလွန်အဆိပ်ပြင်းသည့် သတ္တဝါတည်း။ လူမပြောနှင့် ဆင်ကို ပေါက်လိုက်ရင် အဆိပ်တက်ပြီး ဗိုင်းကနဲ သေနိုင်လောက်အောင် အဆိပ်ပြင်း၏။

သစ်ရွက်လေးတွေပေါ်က ဖြတ်ပြီး ရွေ့လာတဲ့ မြွေပေးနက်ရဲ့ အသံကား တိုးတိုးလေး၊ တိုးတိုးလေးမှ တကယ့်တိုးတိုးလေး။ သို့သော် ယူနဲရိုး ကြား၏။ ထိပ်တန်းသိုင်းသမား၏ အကြားအာရုံကား အံ့မခန်းတည်း။

မြွေပွေးနက်ကား ယူနဲရိုးအနားသို့ရောက်သော် ရပ်သွား၏။ ရန်သူကို တချက် အကဲခတ်ရင်း ဆတ်ကနဲ အစွယ်ဖြင့် ပေါက်ချလိုက်၏။ မြွေပွေးနက်ထက် ယူနဲရိုးလက်က ပိုမြန်၏။ လျှပ်စီးလက်သလို ဓါးချက် နှစ်ချက်ဆင့်ထွက်လာ၏။

ရွှပ်၊ ရွှပ်

ယူနဲရိုးကို ပေါက်ဖို့ ကြိုးစားသော မြွေပွေးနက်ကား သေလေပြီ။ သံသေဓါးကလဲ ထက်လွန်း၏။  ထိုမြွေပွေးနက်ကား သာမန်မဟုတ်ပေ၊ ခေါင်းနှစ်လုံးဖြင့် မြွေပွေးနက်တည်း။ တိကနဲ ပြတ်ထွက်သွားသော မြွေပွေးနက်၏ ခေါင်းနှစ်လုံးကား ဖိုမပင်ကြီး တနေရာကို ပြေးခဲထား၏။ ယူနဲရိုးသာ အကိုက်ခံရလျှင် တန်းသေမှာ အမှန်ပင်။ ခေါင်းနှစ်လုံးနှင့် မြွေပွေးနက်ကို မီးကင်ပြီး ယူနဲရိုး စားပစ်လိုက်၏။ ဗိုက်ဆာနေပြီကိုး။ မြွေပွေးနက်ကို စားလိုက်သည့်အချိန် ယူနဲရိုး တယောက် တကိုယ်လုံး ပူခြစ်လာ၏။ မီးပုံထဲ ဆင်းနေရသလို အရမ်းပူလာ၏။ ယူနဲရိုးတယောက် မနေနိုင်တော့ သံသေဓါးကို ကိုင်ပြီး တွေ့သမျှ အပင်ခုတ်ပစ်၏။ မြန်လွန်းသည်။ လျှပ်စီးလက်သလို အပင်များကား ရိတ်ကနဲ ရိတ်ကနဲ ပြတ်ကျကုန်၏။ ဓါးကလဲ ထက်သည်ကိုး။ မျက်စိတမှိတ်အတွင်း ယူနဲရိုး ခုတ်လိုက်သည့် ဓါးချက်ကား ၁၃ ချက်။ သာမန်လူတယောက် အနေဖြင့် မျက်စိတမှိတ်ကာလအတွင်း အလွန်ဆုံးခုတ်နိုင်မှ ၃ ချက်တည်း။ ယူနဲရိုး ခုတ်လိုက်သည်က ၁၃ ချက်။ မြန်လွန်းသည်။ ယူနဲရိုးတယောက် ဓါးသိုင်း၏ ထိပ်ဆုံးအဆင့်ကို ရောက်နေပြီလား။

ဓါးပြိုင်ပွဲကြီး စပြီ။

မျက်နှာဖုံးကျွန်း၏ အလယ်တွင် ကြီးမားသော ကွင်းပြင်ကြီး တခုရှိ၏။ ထိုနေရာကား ဓါးကွင်းတည်း။ ဓါးဘုရင်တို့ ပေါ်ထွက်လာသော နေရာ။ သူရဲကောင်းတို့၏ ဘဝအစ၊ အောင်မြေတည်း။ လူငယ်တွေ အားလုံး ဓါးဘုရင် ချန်ပီယံ ဖြစ်ချင်ကြ၏။ နတ်ဘုရားထံမှ ချီးမြှင့်သော ဓါးတလက် ရရှိမည့် အပြင် အဆင့်မြင့် ဓါးပညာများ၊ အစွမ်းထက် ဆေးနည်းများလဲ သင်ယူခွင့် ရရှိအုံးမည် မဟုတ်လား။ ယူနဲရိုးအတွက်တော့ ဓါးနဲ့ ဓါးပညာထက်၊ ဆေးနည်းကိုသာ ပိုလိုချင်၏။ နေမကောင်းဖြစ်နေသာ အမေအတွက် တခုထဲသော မျှော်လင့်ချက်ပေ။

ယူနဲရိုး အားကိုးတကြီးဖြင့် သွားစောင့်နေသော နတ်ဆရာကြီးကား ပုလ္လင်ပေါ်တွင် မိန့်မိန့်ကြီး ထိုင်နေလေရဲ့။ နတ်ဆရာကြီးအပြင် ကြေးဝါရောင်မျက်နှာဖုံးနှင့် ရွာသူကြီးလဲ ရှိ၏။ တခြားလူကြီးတွေလဲ ထိုင်နေကြ၏။ မျက်နှာဖုံးကျွန်းတွင် သာမာန်ရွာသားများကား သစ်သားမျက်နှာဖုံးသာ တပ်ရ၏။ ရွာလူကြီးကား ကြေးဝါရောင် မျက်နှာဖုံး တပ်ခွင့်ရ၏။ သူ၏ ဆွေမျိုးများကား အဝါရောင် မျက်နှာဖုံး တပ်ခွင့်ရ၏။ နတ်ဆရာကြီးကား ရွှေရောင် မျက်နှာဖုံး တပ်ရ၏။ အခြားသော နတ်ဆရာငယ်များက ဓါးပြိုင်ပွဲကြီး မစမီ ထုံးတမ်းစဉ်လာအတိုင်း ဂါထာမန္တာန်များ ရွတ်ဖတ်၏။ ဓါးပြိုင်ပွဲကျင်းပမည့်  ကိုက် ၃၀ စည်းဝိုင်းကြီးကို ယစ်ပူဇော်ထားသော သားကောင်တို့၏ သွေးဖြင့် ပက်ဖြန်းလိုက်၏။ ဓါးပြိုင်ပွဲ မစမီ အုံ့မှိုင်းနေသော ရာသီဥတုကား ချက်ခြင်းဆိုသလို ပြောင်းလဲသွားလေသည်။ နေလာသော် မြူပျောက်ဆိုသလို နေသာလာ၏။ မြူတွေ လွင့်ကုန်၏။ နတ်ဆရာတွေ၏ ဂါထာမန္တာန်တွေကား အံ့မခန်းတည်း။

မြူတွေ ပျောက်သွားသော် စည်းဝိုင်းကြီးအတွင်း လူတရပ်ခန့် မြင့်သော ဝါးပိုးဝါးပင်စည်တခုကို တပည့်တွေက သယ်လာကြ၏။

ရွှေရောင်မျက်နှာဖုံးစွပ်ထားသော နတ်ဆရာကြီးကား ပုလ္လင်ပေါ်မှ ဆင်းလာပြီ။ နတ်ဆရာကြီး၏ ခန္ဓာကိုယ်ကား ထွားကျိုင်းလွန်းသည်။ သာမန်လူထက် နှစ်ဆလောက်မြင့်ပြီး အလွန်တောင့်တင်းသော ခန္ဓာကိုယ်ရှိ၏။ နတ်ဆရာကြီး၏ လည်ပင်းတွင် မျောက်အရိုးခေါင်း ၁၂ လုံး ချိတ်ဆွဲထား၏။ ထို့အပြင် ခန္ဓာကိုယ် တခုလုံး မန္တန်များကို စုတ်ထိုးထား၏။ သူ၏ ဓါးကား ကြီး၏။ တော်ရုံလူ မလို့ ရမယ်မထင်။ ခွန်အားဗလနှင့် ပြည့်စုံမှသာ ကိုင်တွယ်နိုင်မည့်ပုံ။ နတ်ဆရာကြီးနှင့် သူ့ရဲ့ဓါးကား လိုက်ဖက်၏။ တကယ့် လူ့ဘီလူးကြီး အတိုင်းပင်တည်း။

ဓါးကို ထုတ်၍ မိုးပေါ်မြှောက်ပြီး နတ်ဘုရားကို ပင့်ဖိတ်၏။ ဂါထာတချို့ ရွတ်ဖတ်ပြီးနောက် ဓါးသိုင်း အစွမ်းများ ပြ၏။ အလွန်လှ၏။ အလွန်မြန်၏။ ထိပ်တန်းသိုင်းပညာဖြစ်သောကြောင့် အလွန်ကြောက်မက်ဖွယ်ကောင်း၏။ မျက်နှာဖုံးကျွန်း၏ ဓါးသိုင်းကား သိုင်းလောကတွင် ဟိုးဟိုးကျော် နာမည်ကြီးသည်မှာ ကောလဟာလ မဟုတ်ပေ။ တကယ်ပင် စွမ်း၏။ ခန့်မှန်းရခက်လောက်အောင် ဓါးသိုင်းကား အပြောင်းအလဲ မြန်၏။ ဓါးချက်များသည် အနှုတ်အသွင်း မြန်လွန်း၏။ လေပွေတခုလို ပြင်းထန်လွန်း၏။ ကြည့်နေကြသော ပရိတ်သက်များထံသို့ပင် ဓါးမွှေ့ချက်မှ ဖြစ်ပေါ်လာသော အတွင်းအားကား ရိုက်ခတ်သွား၏။

ယူနဲရိုးတယောက် နတ်ဆရာကြီး၏ သိုင်းကွက်များကို ကြည့်ရင်း မျက်စိခတ်ဖို့ပင် မေ့နေ၏။ စိတ်ထဲတွင် လေ့လာ၏။ မှတ်ထား၏။ ဉာဏ်စွမ်းကား အံ့မခန်းတည်း။ ဒီဓါးသိုင်းကို သူ သေချာ မသင်ခဲ့ရ။ အခြေခံလောက်သာ သင်ခဲ့ဖူးသည်။ ယူနဲရိုး နည်းနည်းတော့ စိတ်ပူသွား၏။ သူနဲ့ တွေ့မယ့်သူများသည် မျက်နှာဖုံးကျွန်း၏ ဓါးသိုင်းကို လက်ကုန်တတ်မြောက်ထားသူများ ဖြစ်၏။

ဟိတ်

နတ်ဆရာကြီး၏ အတွင်းအားကို နောက်ဆုံးအဆင့် ထုတ်၍ ကွင်းလည်မှာ စိုက်ထားသော ဝါးပိုးဝါးကြီကို သုံးဆင့် ခုတ်ချလိုက်၏။ ဓါးချက်က မြန်လွန်းသည်။ အားလဲ ပါလွန်းသည်။

ရွှပ် ရွှပ် ရွှပ်


ဝါးပိုးဝါး သုံးဆစ်ကား လေပေါ်တွင် မြောက်တက်သွားပြီး ပြန်အကျ စီပြီးထပ်ထားသည့်အတိုင်း တိတိကျကျ ပြန်ဖြစ်သွား၏။ ဝေါကနဲ လက်ခုတ်သံများ လျှံထွက်လာ၏။ နတ်ဘုရား ခွင့်ပြုပြီ။ နတ်ဆရာကြီးက ဝါးပိုးဝါးကို ၃ ချက်ခုတ်ပြီး အစီအရီ အထပ်လိုက် ပြန်မဖြစ်လျှင် နတ်ဘုရားက ခွင့်မပြုသည့်သဘော။ ရိုးရာအတိုင်း လိုက်နာရ၏။

ယူနဲရိုး ပြိုင်ပွဲစပြီ။
ပထမဆုံး ပြိုင်ပွဲ၊ သူနဲ့ ယှဉ်မည့်သူက မျက်နှာဖုံးကျွန်းတွင် နာမည်အတော်အသင့် ရှိသော လူငယ်ဓါးသမား။ မျက်နှာဖုံးကိုယ်စီနဲ့မို့ မျက်နှာတော့ မမြင်ရပေ။ ပြိုင်ဘက်ကား ယူနဲရိုးထက် လူကောင်ပိုထွား၏။  ကိုက် ၃၀ စည်းဝိုင်းကြီးထဲသို့ ယူနဲရိုး ဝင်လာ၏။ ရိုးရာအတိုင်း ပြိုင်ဘက်နှစ်ယောက် နတ်ဘုရားကို ဒူးထောက်ကာ အရိုအသေပေး၏။ နတ်ဆရာကြီးကို အရိုအသေပေး၏။ အချင်းချင်း အရိုအသေ ပေး၏။

ဒူ

ပြိုင်ဖို့ ခွင့်ပြုလိုက်ပြီ။ ယူနဲရိုး၏ ပြိုင်ဘက်ကား ဓါးရေးတကွက်ပြ၏။ မာန်ပါသည်။ ဓါးချက်မြန်၏။ ကိုင်ထားသည့် ဓါးကလဲ ဓါးကောင်းတလက်ကိုး။ နေရောင်အောက်တွင် လက်လက်ထနေသည်။ ပရိတ်သက်များ သဘောကျကြ၏။ လက်ခုတ်သံ တညံညံပါပဲ၊ ယူနဲရိုးကတော့ ဓါးရေးမပြပေ။ ဒါကို ပရိတ်သက်က မကျေနပ်၊ တီးတိုးတီးတိုး ပြောဆိုကြ၏။ နတ်ဆရာကြီးလဲ သဘောမကျပေ။

ယူနဲရိုး ဓါးရေးမပြပဲ အသင့်ဖြစ်ကြောင်း မေးဆတ်ပြ၏။ ယူနဲရိုးစိတ်ထဲတွင် နေမကောင်းသော အမေသာရှိသည်။ မြန်မြန်ပြိုင်ချင်သည်။ ဓါးဘုရင်ဖြစ်ချင်သည်။

ပြိုင်ဘက်ကား အလွန်မခံချင်ဖြစ်သွား၏။ သူလိုလူကို ဓါးရေးမပြပဲ စိန်ခေါ်သည်ကား အရိုင်းအစိုင်းတည်း။  ဓါးသွားကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး လေထဲတွင် မြှောက်ကာ ယူနဲရိုးဆီ ပြေးလား၏။ ကျားတကောင်လို မြန်လွန်းသည်။ လေအလျင်လို လှစ်ကနဲ ယူနဲရိုး အနားသို့ ရောက်လာ၏။ ယူနဲရိုး ကြည့်နေသည်။ တုတ်တုတ်မျှ မလှုပ်သေး။ ဓါးအိမ်ထဲက ဓါးကိုလဲ မထုတ်ရသေးပေ။ မျက်နှာဖုံးနောက်ကွယ်က ကြည့်နေသော ယူနဲရိုး၏ အကြည့်ကား အလွန်ကြောက်မက်ဖွယ်ကောင်း၏။ မုန်တိုင်းမလာမီ ငြိမ်ကျသွားသေသာ ပင်လယ်ပြင်အတိုင်းပင်၊ အော်ဟစ်အားပေးနေသော ပြိုင်ကွင်း တခုလုံး ငြိမ်ကျသွား၏။ အသက်တောင် မရှုဝံ့ချေ။

ယူနဲရိုး ဘာလို့ ဓါးမထုတ်သလဲ၊ ဘာလို့ မလှုပ်ပဲ ငြိမ်နေသလဲ။ ပရိတ်သက်များ မရိုးမရွဖြစ်ကုန်ကြ၏။ ယူနဲရိုး နားသို့ ပြေးကပ်လာသောာ ခြေလှမ်းများ၊ ၁၀ လှမ်း၊ ၅ လှမ်း၊ ၃ လှမ်း။

ပြိုင်ဘက်ကား မလှုပ်မယှက်ဖြစ်နေသော ယူနဲရိုးကို အထင်သေးဟန်ရှိ၏။ ဓါးပြိုင်ပွဲကြီး၏ အရှိန်ကြောင့် ကြောက်ဒူးတုန်နေသည် ဟုထင်ပုံရ၏။ ခြေသုံးလှမ်းအတွင်း ဝင်သည်နှင့် ခုန်ပြီး စလွယ် ပိုင်းချလိုက်သည်။ ဓါးရောင်ကား နေရောင်အောက်တွင် လက်ကနဲ ဖြစ်သွား၏။

ယူနဲရိုး တချက်လှုပ်သွား၏။ သံသေဓါးကို ဓါးအိမ်ထဲက ဆတ်ကနဲ ထုတ်ပြီး ဓါးကို ပင့်ထိုးထိုးပစ်လိုက်၏။ ပြိုင်ဘက်၏ လည်မျိုကို ထုတ်ချင်းဖောက်သွား၏။ ရိုးရိုးလေးပါပဲ။ ဓါးချက်က ရိုးရိုးလေး၊ သို့သော် မြန်လွန်းသည်။ တိကျလွန်းသည်မျက်စိတမှိတ်အတွင်း ပြိုင်ဘက်ကား သေလေပြီ။ လည်မျိုက ကျလာသော သွေးတွေ ဖြာကနဲ စီးကျလာ၏။ ဘယ်လိုမှ မထင်ထားသော ဓါးကွက်၊ မယုံကြည်နိုင်လောက်အောင် အံ့သြသောအကြည့်ဖြင့် ပြိုင်ဘက်ကား ယူနဲရိုးကို ကြည့်ပြီး သေလေပြီ။

မင်း မင်း အွတ်

ပြိုင်ဘက်ကို အထင်သေးသော တယောက် သေရှာပြီ။ အားပေးကြသော ပရိတ်သက်များ မျက်စိထဲတွင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွား၏။ ယူနဲရိုး သေပြီလို့ ထင်ကြ၏။ သို့သော် တကယ်သေသည်ကား ယူနဲရိုး၏ ပြိုင်ဘက်တည်း။ တကယ်ပင် သွေးပျက်စရာပင်။ ပွဲကြည့်စင်ပေါ်က နတ်ဆရာကြီးနှင့် ရွာသူကြီးတို့ တီးတိုး တီးတိုး ပြောဆိုနေကြ၏။

ဝေါကနဲ လက်ခုတ်သံများ သောသောညံအောင် လျှံထွက်လာ၏။ ပရိတ်သက်များ သောင်းသောင်းဖြဖြ အော်ကြ၏။ ယူနဲရိုးကား မတုန်လှုပ်ပေ။ ပြိုင်ဘက်ကို တချက်ကြည့်၍ ကွင်းကြီးထဲက ထွက်လာခဲ့သည်။ ပရိတ်သက်၏တို့၏ အော်သံကား ဆူညံပွက်လောရိုက်နေလေရဲ့

ယူနဲရိုးးးးးးးးးးးးးးးးးးး

ယူနဲရိုးပြီးတော့ တခြားသူတွေ ဝင်ပြိုင်ကြ၏။ မျက်နှာဖုံးကျွန်း၏ ဓါးသိုင်းကျင့်သူ အချင်းချင်း ဝင်ပြိုင်ကြတာဖြစ်လို့ သိပ်ပြီး ထိခိုက်ဒဏ်ရာမရပေ၊ လက်မြန်တဲ့သူ၊ အမှားနည်းတဲ့သူက နိုင်တာများ၏။ ယူနဲရိုးလိုတော့ အသေ မသတ်ကြပေ။ သာမာန် ထိခိုက်ဒဏ်ရာလောက်သာ ရကြ၏။

အဝါရောင် မျက်နှာဖုံးနဲ့ လူငယ်တယောက်။ သူကား ရွာလူကြီး၏ သားတည်း။ နတ်ဆရာကြီး၏ အချစ်ဆုံး တပည့်။ ဓါးဘုရင်ဖြစ်မည့်သူ ဟု တစ်ပြေးနေသူ။ ဖြစ်သင့်ဖြစ်ထိုက်ပါသည်။ ဓါးရေးကြွယ်၏။ လက်အနှုတ်အသိမ်း အလွန်မြန်၏။ တပွဲပြီး တပွဲ သူချည်းပဲ နိုင်၏။ ကြွက်ကို ကြောင်ကစားသလို အလှအပ ဓါးရေးပြပြီး နိုင်သွားသည်ချည်းပင်း။ ဓါးဘုရင် ဖြစ်ထိုက်သည့် လက်ကိုး။ ပရိတ်သက်ကလဲ တော်တော်အားပေးကြ၏။

ယူနဲရိုး၏ ဒုတိယပွဲ။

ပြိုင်ဘက်ကား ယူနဲရိုးကို အထင်မသေးဝ့ံချေ။ ပထမပွဲလို ဂမူးရှုးထိုး ပြေးမဝင်လာဘူး။ ကျားချောင်းချောင်း၏။ ယူနဲရိုးကို ဗဟိုပြုပြီး စက်ဝိုင်းသဏ္ဍန်လှည့်ပြီး အားနည်းချက်ကို ရှာ၏။ ယူနဲရိုးက ဒီတိုင်းပဲ ရပ်နေသည်။ ဓါးအိမ်ထဲက ဓါးပင် မထုတ်။ ယူနဲရိုး၏ ကျောဘက်ကို ရောက်သွားသည့်တိုင် ယူနဲရိုးက လှည့်မကြည့်ပေ။ ယူနဲရိုး အလွန်သွေးအေး၏။ ပြိုင်ဘက် ဘာလုပ်မလဲဆိုတာကို ကြိုတင်သိနေသလား။  ပြိုင်ဘက်ကား အလွန်ဒေါသထွက်လာ၏။ ပြိုင်ဘက်ကို လှည့်မကြည့်သော ယူနဲရိုး ပုံစံကား အလွန်စော်ကားလွန်းရာ ရောက်၏။

ပြိုင်ဘက် ဆတ်ကနဲ ပြေးလာပြီး ယူနဲရိုး ကျောကို ဓါးဦးဖြင့် ထိုးထည့်လိုက်သည်။

“ဟာ”

တကွင်းလုံး တိတ်ဆိတ်သွား၏။ ယူနဲရိုး ကျောနားကို ရောက်ဖို့ တလက်မလောက် အလိုတွင် ယူနဲရိုး ဇတ်ကနဲ ညာဖက်လှည့်ပြီး ဓါးအိမ်ထဲက ဓါးကို ထုတ်ပြီး နောက်ပြန်ပင့်ထိုးလိုက်၏။ မြန်လွန်းသည်။ အပိုင်ဆိုပြီး ဝင်လာသော ပြိုင်ဘက် ဘယ်လိုမှ မရှောင်နိုင်ပေ။ မျက်စိတမှိတ်အတွင်း ဖြစ်ပျက်သွားတာ ဖြစ်၏။

အွတ်

ယူနဲရိုး၏ ဓါးသွားကား ပြိုင်ဘက် လည်မျိုကို ဖောက်သွား၏။ ပြိုင်ဘက် လူငယ် ဘာမှ မမပြောနိုင်ပေ။ မျက်လုံးကြီး ပြူးပြီး အသက်ထွက်သွား၏။ လည်မျိုက ကျလာသော သွေးများ ယူနဲရိုး၏ သံသေဓါးတလျှောက် ပေကျံကုန်၏။

ရွှပ်

ယူနဲရိုး ဓါးကို ပြန်သိမ်းပြီး ဓါးအိမ်ထဲကို ထည့်၊ ပြိုင်ကွင်းကြီးထဲက ထွက်လာ၏။ ပရိတ်သက်များ၏လက်ခုတ်သံများ  ဝေါကနဲ ညံသွား၏။ ယူနဲရိုး၏ ဓါးချက်အကြောင်း လူတိုင်း ပြောကြ၏။ သူ ဘယ်လိုသိသလဲ၊ ပြိုင်ဘက်က နောက်ကျောကထိုးတဲ့ ဓါးချက်ကို ရှောင်ပြီး လည်မျိုကို လက်ပြန်နဲ့ ပင့်ထိုးသွားသည့် အကွက်ကား အတော်လေး တုန်လှုပ်စရာပင်။

တပွဲပြီး တပွဲ၊ ယူနဲရိုး နိုင်၏။ သူကြီးသားလဲ နိုင်၏။ နောက်ဆုံးဖိုင်နယ်တွင် ယူနဲရိုးနဲ့ သူကြီးသား တွေ့ကြပြီ။

မျက်နှာဖုံးကျွန်းရဲ့ ဓါးရေး လက်ကုန်တတ်ထားသူနဲ့ ဘာမှမတတ်တဲ့သူ။

အပိုင်း (၃) - ဓါးဘုရင် ဘယ်သူလဲဟေ့

သူကြီးသားကား ဓါးနှစ်လက်ဖြင့် စည်းဝိုင်းကြီးထဲသို့ ဝင်လာ၏။ သူကြီးသားကား ဓါးဘုရင်ဖြစ်မယ့်သူ။ နတ်ဆရာကြီး၏ အချစ်ဆုံး တပည့်။ တကျွန်းလုံးတွင် သူက ဓါးရေးအထက်ဆုံးသူ ဖြစ်၏။ ယူနဲရိုးနဲ့ မပြိုင်မီ နတ်ဆရာကြီးက ဓါးနှစ်လက်ဖြင့် ယှဉ်ပြိုင်ရန် အကြံပေးသည်။ ယူနဲရိုး၏ ဓါးသိုင်းက ပေါ့သေးသေး မဟုတ်မှန်း သူ သိသည်။ ရိုးသလိုနဲ့ အလွန်မြန်၏။ မယုံကြည်နိုင်လောက်အောင် မြန်၏။ ဒါ့အပြင် ဓါးသမားကလဲ အလွန်သွေးအေး၍ ကြောက်စိတ်လုံးဝမရှိရပေ။ ဒီဓါးသိုင်း၏ သော့ချက်က အသက်ချင်းလဲပစ်ဖို့ နည်းနည်းလေးမှ ဝန်မလေးရ။ သေမှာမကြောက်သောသူကား ကြောက်ဖို့အကောင်းဆုံး ပြိုင်ဘက်မဟုတ်ပါလော၊၊ ဒီဓါးသိုင်းကို မျက်နှာဖုံးခွဲ နတ်ဆိုးသိုင်း လို့ ခေါ်၏။ မျက်နှာဖုံးကျွန်း၏ ဓါးသိုင်းကို ယှဉ်ပြိုင်နိုင်သော တခုထဲသော ဓါးသိုင်းတည်း။

သူကြီးသားက ဓါးရေးပြ၏။ ဘယ်လက်က ကာဓါး၊ ညာလက်က ထိုးဓါး၊ ဓါးကွက်တွေက စိတ်လွန်းသည်။ ဓါးစင်္ကြာလို့ ဆိုရမလား၊ ရိတ်ကနဲ ရိတ်ကနဲ ဓါးအလက်ပေါင်းများစွာ ဖြစ်သွား၏။ အခုအခံလဲ ကောင်း၏။ မာယာလဲများ၏။ ဟာကွက်မရှိပေ။

“ဟေ့ ရွာသားလေး မင်း ကြောက်နေပြီလားကွ”

သူကြီးသားက စကားမောက်မောက်ပြောလေပြီ။ သူ နိုင်မယ်လို့ တထစ်ချ ယုံကြည်သည်။

“စကားများတဲ့ ဓါးသမားက သေတတ်တတ်ဟေ့”
“ဘာကွ”

သူကြီးသား ဒေါသတွေ ထွက်လာပြီး ယူနဲရိုးကို သဲသဲမဲမဲ တိုက်စစ်ဆင်တော့သည်။ မျက်နှာဖုံးကျွန်း၏ ဓါးသိုင်းကား ကြောက်ဖို့ ကောင်းလေစွ။ လေပွေတခုအတိုင်း ယူနဲရိုးကို ဦးတည်လာ၏။ ယူနဲရိုး တယောက် မပေါ့ဝံ့တော့။ ဓါးအိမ်ထဲက သံသေဓါးကို ထုတ်ပြီး  အသင့်အနေအထား စောင့်နေလိုက်သည်။ သူကြီးသားကား တိုက်စစ်ကို ဦးဆောင်၏။ ယူနဲရိုးတယောက် ခံစစ်ချည်းပဲ။

“ထန်း ထန်း ထန်း”
“ရွှမ်း”

ထိုးဓါးကို ရှောင်ပြီး တန်ပြန်တိုက်စစ်ဆင်လျှင်လည်း ခံဓါးနဲ့ ပိတ်ကာထားလို့ ဘယ်လိုမှ တိုက်စစ်ဆင်မရ။ ယူနဲရိုး ဟိုဘက်က တန်ပြန် ထိုးစစ်ဆင်ကြည့်သည်။ မရပေ။ ဒီဘက်ကို လှစ်ကနဲ ရှောင်ပြီး ထိုးစစ်ဆင်ကြည့်သည်။ မရပေ။ ကြာလေ ယူနဲရိုး နိမ့်လာလေပါပဲ၊ သူကြီးသား၏ မျက်နှာဖုံးဓါးသိုင်းကား တကယ်ပင် ကြောက်ဖို့ကောင်း၏။ တကိုယ်လုံးလဲ သူကြီးသား၏ ဓါးချက်များ ထိထား၏။ ယူနဲရိုးတယောက် မြန်လွန်းလို့သာ တော်တော့သည်။ မဟုတ်လျှင် သူကြီးသား၏ ဓါးချက်အောက်တွင် သေတာ ကြာပြီကော။

ဘယ်ဘက်ဓါးချက်ရှောင်ရင် ညာဖက်ဓါးချက်က ဝင်လာ၏။ ယူနဲရိုးတယောက် နည်းနည်းတော့ စိတ်ပျက်လာ၏။ သူ ရှုံးတော့မှာလား။ ယူနဲရိုးတယောက် သူကြီးသား၏ ဓါးချက်ထိသွားတိုင်း သွေးတွေ ဖြာကနဲ ဖြာကနဲ ကျကုန်၏။ ပရိတ်သတ်ကလဲ ဟင်ကနဲ ဟာကနဲ အားပေးကြ၏။ အသဲတုန် အူတုန်စရာပင်။ သူကြီးသားဘက်ကတော့ လက်ခုတ်သံ တဖြောင်းဖြောင်းပေါ့။

ရွာသူကြီးကတော့ သူ့သားမို့လို့ လက်သီးလက်မောင်းတန်း အားပေး၏။ နတ်ဆရာကြီးကလဲ ခေါင်းတငြိမ့်ငြိမ့်နဲ့ ကျေနပ်နေသည်။ ဘာမဟုတ်တဲ့ ရွာသားတယောက်က မျက်နှာဖုံးဓါးသိုင်းကို ယှဉ်ချင်သေးသည်။ ဓါးနှစ်လက်သိုင်းနဲ့ ယှဉ်ဖို့ အကြံပေးသူက၊ နတ်ဆရာကြီး။ သူ့တပည့်ကို နိုင်စေချင်သည်မှာ သဘာဝကိုး။ ပမာမခန့်ကောင်ကို သူ့တပည့်က ဓါးနှစ်လက်သိုင်းနဲ့ ဆုံးမနေသည်ကို မိန့်မိန့်ကြီး ထိုင်ကြည့်နေ၏။ သူ့တပည့်ကို သူ ယုံသည်။ သူ့ဓါးသိုင်းကိုလဲ သူယုံသည်။ ဒီဓါးသိုင်းမှာ ဟာကွက်မရှိ။ တိုက်စစ်၊ ခံစစ် မျှသည်။ ဒါ့အပြင် မျက်နှာဖုံးခွဲ နတ်ဆိုးဓါးသိုင်း တတ်သည့်ကောင်လေးက သူ့တပည့်လောက် အတွေ့အကြုံ မရှိပေ။

ယူနဲရိုးတယောက် ရန်သူဆယ်ယောက်နဲ့ တိုက်နေရသည့်အတိုင်းပင်တည်း။ သူကြီးသား၏ ဓါးသိုင်းက ထိပ်တန်းအဆင့်ရောက်နေပြီကိုး။ အချိန်ကြာလေ သူကြီးသားက ပိုအသာရလေပင်တည်း။ ကြောင်ကို ကြွက်က ကစားနေသလို သူကြီးသားက သူ့ကို အချိန်ဆွဲ ကစားနေ၏။ သူကြီးသား၏ တိုက်စစ်ကို ယူနဲရိုးတယောက် အလူးအလဲ ခံနေရသည်။ သို့သော် ယူနဲရိုး စိတ်တော့ မပျက်ပေ။ သိပ်အားကြီးတဲ့ ရန်သူကို ယှဉ်ပြိုင်အနိုင်ယူဖို့ စိတ်ဓါတ်ရေးရာ ကြံ့ခိုင်ဖို့တော့ လိုသည်မှတ်လား။ ယူနဲရိုး စဉ်းစားသည်။ ဒီတိုင်းတော့ မဖြစ်ပေ။ သူက ဟာကွက်လုံနေသည်။ ထိုအချိန်တွင် ဟိုးအဝေးမှ အဖေ့ရဲ့ အသံကို သူ ကြားလိုက်ရ၏။

သွေးကို သွေးနဲ့ ရင်းရတယ်
အသက်ကို အသက်နဲ့ ရင်းရတယ်
ငါ့သား လောကကြီးမှာ အသက်ထက် ပိုမြင့်မြတ်တဲ့အရာတွေ ရှိသေးတယ်

ယူနဲရိုး၊ အမေ့မျက်နှာကို ဖျတ်ကနဲ ပြေးမြင်လိုက်၏။ ဟုတ်တယ်၊ သူ့အသက်ထက် အမေ့အသက်က ပိုအရေးကြီးတယ်။ ယူနဲရိုး အံကြိတ်ပြီး ရင်ဘတ်ကို ဖွင့်ပြီး ခံစစ်ဆက်ကစား၏။ အလွန်အန္တရာယ်များသော အကွက်။ အသက်ကို စတေးပြီး အနိုင်ယူမယ့် အထာ၊ ထင်သည့်အတိုင်းပင်။ ဟာကွက်တွေ့သည်နှင့် သူကြီးသားရဲ့ ညာဖက်က ဓါးတလက်က ယူနဲရိုး ရင်ဘတ်ထဲကို ထိုးဝင်လာ၏။ ယူနဲရိုး ကိုယ်ကို အမြန်လှည့်လိုက်သော်လည်း သူကြီးသား၏ ဓါးကား ယူနဲရိုး၏ ညာဖက်လက်ကို ထိုးဖောက်သွား၏။


“ဇွတ်”

သွေးတွေ ဖြာကနဲ ကျသွား၏။

“ဟာ”

ပရိတ်သက်တွေ အကုန်လုံး အံ့သြကုန်၏။ သူကြီးသား နိုင်တော့မည်။ ယူနဲရိုး ရှုံးပြီ။

သူကြီးသားကား နောက်တဖက်ဖြင့် ယူနဲရိုးလည်ပင်းကို ပွဲသိမ်းခုတ်ဖို့ တစက္ကန့်အလို

“ဇွတ်”

 နေရောင်အောက်မှာ ယူနဲရိုး ပင့်ဓါးချက်က လက်ခနဲ ဖြစ်သွား၏၊ ယူနဲရိုး၏ ဘယ်ဘက်လက်က ဓါးကား သူကြီးသား၏ လည်ပင်းကို ထိုးဖောက်သွား၏။ သူသေ ကိုယ်သေပင်။ မြန်လွန်းသည်။ သူကြီးသား နိုင်ပြီလို့ ထင်နေကြသည့် ပရိတ်သက်ကြီး ကြက်သေသေကုန်၏။ သူကြီးနဲ့ နတ်ဆရာကြီးတို့ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားလေသည်။

မင်း မင်း

ဝေါ့

သူကြီးသား၏ လည်မျိုကို ယူနဲရိုးဓါးက ထိုးဖောက်သွားပြီ။ သူကြီးသား၏ သွေးတွေ ပွက်ကနဲ ပွက်ကနဲ ပါးစပ်ကနေ လျှံထွက်လာလေသည်။ သူကြီးသားလက်မှ ဓါး လွတ်ကျသွား၏။

ချလွမ်း

သူကြီးသား သေပြီ။

ဟေး
“ရွှီ ဖြောင်း ဖြောင်း”
“ယူနဲရိုးကွ”
“ဓါးဘုရင်ကွ”
“ငါတို့ မျက်နှာဖုံးကျွန်းက ချန်ပီယံကွ”

သူကြီးကား တောက်တခေါက်ခေါက် ဖြစ်နေ၏၊ တဦးတည်းသောသားလေး၊ ဓါးပြိုင်ပွဲမှာ သေရှာပြီ။

“ငါ့သား၊ ငါ့သားလေး သေသွားပြီ”
“တောက်”

နတ်ဆရာကြီး စိတ်ဆိုးပြီ။ ဘာမဟုတ်တဲ့ အညတရရွာသားလက်ထဲမှာ သူ့တပည့်ကျော် သေရတယ်လို့၊ သူလဲ မကျေနပ်ပေ။

“ဟေးးးးးး အသံတွေ တိတ်စမ်း”

ဆူညံနေသော ပရိတ်သက်တို့ မီးကို ရေဖြန်းလိုက်သလို ငြိမ်ကျသွား၏။

နတ်ဆရာကြီး - “သူက ဓါးဘုရင် မဖြစ်သင့်ဘူး”

“ဟာ”
“ဟင်”
“နတ်ဆရာကြီး ဘက်လိုက်ပြီဟေ့”

ပရိတ်သက်ထဲမှ မနေနိုင်တဲ့ အဖိုးကြီးတဦးက ထပြော၏။

“နောက်ဆုံးအဆင့်မှာ သူကြီးသားကို နိုင်တယ်လေဗျာ၊ ဘာလို့ ဓါးဘုရင် မဖြစ်ရမှာလဲ”

နတ်ဆရာကြီး - “ဘာလို့လဲဆိုတော့ သူပြိုင်တာ မျက်နှာဖုံးကျွန်းဓါးသိုင်း မဟုတ်ဘူး”

“ဟာ”

နတ်ဆရာကြီး -  “သူ သုံးတဲ့ ဓါးသိုင်းက မျက်နှာဖုံးခွဲ နတ်ဆိုးသိုင်းပဲ၊ သူဟာ ငါတို့ မျက်နှာဖုံးကျွန်းရဲ့ ဓါးဘုရင် မဖြစ်သင့်ဘူး”

“မျက်နှာဖုံးခွဲ ဓါးသိုင်း”

ပရိတ်သက်တွေ အကုန် အထိတ်တလန့် ဖြစ်ကုန်၏၊ မျက်နှာဖုံးခွဲ ဓါးသိုင်းကား နတ်ဆိုးဓါးသိုင်းတည်း။

“သူ့ကို သတ်၊ ငါ့သားကို သတ်တဲ့ကောင်ကို သတ်ပစ်”

သူကြီးက အငြိုးတကြီးဖြင့် အော်ဟစ်ပြီး ဓါးတလက်ကို ဆွဲကာ စည်းဝိုင်းကြီးထဲသို့ ပြေးဝင်လာ၏။

သွေးများထွက်၍ သတိလစ်နေသော ယူနဲရိုး လည်ပင်းကို ခုတ်ဖို့ ဓါးကို ရွယ်လိုက်သည်။

ငါ့သားကို သတ်တဲ့ကောင် ငါ့လက်နဲ့ သတ်မဟေ့၊ သေပေတော့ဟေ့

ထိုအချိန်တွင် ကောင်းကင်ကြီးတခုလုံး ရုတ်တရက် မဲတက်လာပြီး  ဂျိန်းကနဲ မိုးကြိုးတခု ပစ်ချလိုက်၏။

“အား”

မိုးကြိုးကြောင့် သူကြီးကား သေလေပြီ။

ဒါ ဒါ မျက်နှာဖုံးနတ်ဘုရားရဲ့ ဆုံးဖြတ်ချက်ပဲ၊ သူက ဓါးဘုရင်ပဲ။ သူ့ကို သတ်ခွင့်မရှိဘူး။
ဟုတ်တယ် ငါတို့ရဲ့ ဓါးဘုရင်၊ ငါတို့ရဲ့ ဓါးဘုရင်တဲ့ဟေ့

နတ်ဆရာကြီးကား တစုံတခု လုပ်မည်ဟု စဉ်းစားလိုက်သေးသည်။ နတ်ဘုရားက ဓါးဘုရင်ကို လက်ခံသည်ဟု နိမိတ်ပြလိုက်သည့်အတွက် ဘာမှ လုပ်လို့မရပေ။ သူကြီးသားလဲ သေပြီ၊ သူကြီးလဲ သေပြီ။ နတ်ဆရာကြီး သဘောကျစွာနဲ့ တချက်ပြုံးပြလိုက်သည်။

“ဟေးးးး”
“သူက ငါတို့ရဲ့ ဓါးဘုရင်ပဲ၊ နတ်ဘုရားရဲ့ အမိန့်တော်အတိုင်း သူသာလျှင် မျက်နှာဖုံးကျွန်းရဲ့ ဓါးဘုရင် ဖြစ်သင့်တယ်”
“ဟေးးးး”

“ကောင်လေး မင်းနာမည် ဘယ်လိုခေါ်သလဲ”

“ယူနဲရိုး”

သူ့နာမည်ကို ခပ်တိုးတိုးလေး ပြန်ပြောပြီး ယူနဲရိုးတယောက် သတိမေ့သွားလေသည်။

Comments